၂။ စကား များများပြောတာ။

 ၂။ စကား များများပြောတာ။

ပါးစပ်ဆိုတာ စိတ်နှလုံးသားရဲ့ ကိုယ်စားလှယ်ပဲ။ ပါးစပ်က လိမ်ပြော တဲ့အခါ နှလုံးသားမှာလည်း လိမ်တဲ့ပုံစံဖြစ်လာတယ်။ ပြီးရင် နှလုံးသားက မဲသွားတယ်။ လိမ်ပြောရင်း လိမ်ပြောရင်းနဲ့ နှလုံးသားက အလ္လာဟ်အရှင်မြတ်နဲ့ ပတ်သက်တဲ့ အသိပညာတွေကို မရနိုင်တော့ဘဲ သေသွားတတ်တယ်။ အမှန် တရားကို လက်မခံနိုင်တော့ဘူး။

တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က

(ကိုယ့်နှုတ်လျှာနဲ့ အရှက်အင်္ဂါကို စောင့်ထိန်းဖို့ တာဝန်ယူတဲ့သူ ဂျန္နသ် ရဖို့ ငါ တာဝန်ယူတယ်) လို့ မိန့်တော်မူခဲ့တယ်။

(နှုတ်လျှာရဲ့ လုပ်ရပ်တွေက လူတွေအများကြီးကို ဂျဟန္နမ် (ငရဲ) ဆီ ဇောက်ထိုးတွန်းချလိမ့်မယ်) လို့ မိန့်တော်မူခဲ့တယ်။ 

ဒီတော့ မလိုအပ်တာ၊ အကျိုးမရှိတာတွေ မပြောကြပါနဲ့။

ပါးစပ်နဲ့ ကျုးလွန်တတ်တဲ့ မကောင်းမှုတွေ

၁။ လိမ်ပြောတာ။

တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (လိမ်ပြောတာက မုစ်လင်မ်အလုပ်မဟုတ်ဘူး။ အီမာန်ယုံကြည်ခြင်းနဲ့ လိမ်ပြောခြင်းက တစ်နေရာတည်းမှာ အတူမရှိနိုင်ဘူး)လို့ အမိန့်ရှိခဲ့တယ်။

နောက်ပြောင်ပြီးတော့ လိမ်ပြောတာကလည်း လိမ်တာပါပဲ။ ကလေးတွေကိုလိမ်တာက ပိုဆိုးတယ်။ ဥပမာ အပြင်သွားကာနီး ကလေးကို မခေါ်သွား ချင်တော့ ပြန်လာရင် မုန့်ဝယ်လာမယ် ဆိုပြီး လိမ်ပြီးချော့ခဲ့တာ။ ကိုယ်တိုင် လူလိမ်ဖြစ်တဲ့အပြင် အပြစ်ကင်းတဲ့ ကလေးကိုပါ လိမ်တတ်အောင် သင်ပေး နေတာပဲ။

လိမ်လို့ရတဲ့ အခြေအနေတချို့တော့ရှိတယ်။ ပြဿနာအကြီးကို ရှောင် ဖို့ အသေးကို ရွေးလိုက်ရတာမျိုး။ ဥပမာ သူများက ကိုယ့်ကို အပ်ထားတဲ့ ရွှေ၊ ငွေတွေရှိတယ်။ ကိုယ့်ကို ဓါးပြ(ဒမြ)လာတိုက်တဲ့အခါ ကိုယ့်မှာ ပိုက်ဆံ၊ ရွှေတွေ ရှိလားမေးရင် မရှိဘူး ပြောလိုက်တာမျိုး။  မုန်းနေတဲ့လူအချင်းချင်း တည့်အောင် လို့ လိမ်ပြောပေးတာမျိုး။ စစ်ပွဲမှာ ရန်သူကို ကိုယ့်အခြေအနေမသိအောင် လိမ် တာမျိုး။ ကိုယ်တိုင်လုပ်မိတဲ့ မကောင်းမှုကို သူများမသိအောင် မလုပ်ပါဘူးလို့ လိမ်ပြောလို့ ရတယ်။ ကိုယ်လုပ်မိတဲ့မကောင်းမှုကို သူများသိအောင်ပြောတာက    (ဟရာမ်)အပြစ်ဖြစ်လို့ပါပဲ။

၂။ နောက်ကွယ်အတင်းပြောတာ။

မုစ်လင်မ်တစ်ယောက်ရဲ့နောက်ကွယ်မှာ သူမကြိုက်တဲ့စကား ကိုပြောတာက အတင်းပြောတာပဲဖြစ်တယ်။

အတင်းဆိုတာက ပါးစပ်က ပြောမှပဲမဟုတ်ဘူး။ အမူအရာ၊ မျက်ရိပ် မျက်ကဲအမူအရာနဲ့ပဲဖြစ်ဖြစ် လုပ်ပြတာလည်း အတင်းပါပဲ။

ကုရ်အာန်မှာ အတင်းပြောတာနဲ့ပတ်သက်ပြီး (ကိုယ့်ညီအစ်ကိုရဲ့ အသေသားကို စားဖို့ နှစ်သက်ပါ့မလား)လို့ ပါတယ်။ 

တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (နောက်ကွယ်အတင်းပြောတာက (ဇေနာ) သူများသားမယားပြစ်မှားတာထက် ပိုဆိုးတယ်)လို့ အမိန့်ရှိခဲ့ တယ်။

တစ်ချို့က (ငါတို့က မှန်တာပြောတာပဲ၊ ဘာမှားလို့လဲ၊ ရှေ့တင်လည်း ပြောရဲတယ်)လို့ ပြောတတ်ကြတယ်။ ပုလို့ ဂျပုလို့ခေါ် တာ၊ မဲလို့ ငမဲလို့ခေါ်တာ၊ ဝလို့ ဝတုတ်ခေါ်တာ စသဖြင့်ပြောတတ်ကြပါတယ်။ အမှန်ဖြစ်နေလို့ အတင်းလို့ ခေါ်တာဖြစ်တယ်။ မှန်နေရင်လည်း သူမကြိုက်ရင် ခေါ်ခွင့်မရှိပါဘူး။ မမှန်ခဲ့ရင် စွပ်စွဲတာဖြစ်သွားမှာပါ။ အဲဒါကပိုတောင် အပြစ်ကြီးပါသေးတယ်။ သူများ မကြိုက်တာကို ရှေ့တင်ပြောတာက ပိုတောင်ဆိုးပါသေးတယ်။ နောက်တစ်ခုက အတင်းပြောတဲ့လူနဲ့ နားထောင်တဲ့လူ အပြစ်က အတူတူပဲဖြစ်တယ်။ 

အတင်းပြောလို့ရတဲ့ အခြေအနေတချို့တော့ရှိပါတယ်။ ဥပမာ ကိုယ့်ကို အနိုင်ကျင့်တဲ့သူအကြောင်း သူ့ကို အရေးယူအပြစ်ပေး နိုင်တဲ့သူဆီ သွားပြော တာမျိုး။ ဒါမျိုးက အပြစ်မဖြစ်ပါဘူး။ သူ့ကို အပြစ်မပေးနိုင်တဲ့တခြားလူတွေကို ပြောတာကတော့ အပြစ်ဖြစ်ပါ တယ်။ နောက်ပြီး လူတစ်ယောက်က နောက်တစ် ယောက်နဲ့ အရောင်းအဝယ်၊ ဒါမှမဟုတ် မင်္ဂလာဆောင်ဖို့လုပ်နေတယ်။ ဒီလူက အကျင့်မကောင်းမှန်း ကိုယ်က သိနေတယ်ဆိုရင် တစ်ဖက်ကို ပြောပြရမှာပါ။ ဒီလိုပဲ တရားရုံးမှာ သက်သေတစ်ယောက်ယောက်နဲ့ပတ်သက်ပြီး ကိုယ်သိတာကို မပြောပြလို့ အမှုရှင် နစ်နာသွားမယ်ဆိုရင် ကိုယ်သိတဲ့ အမှန်ကို ပြောလို့ရပါ တယ်။ 

အတင်းပြောတဲ့အတွက်၊ နားထောင်တဲ့အတွက် ကိုယ့်ရဲ့ ကောင်းမှုတွေ ပျက်စီးသွားပါတယ်။ ကိုယ့်ရဲ့ကောင်းမှုတွေက ကိုယ် အတင်းပြောလိုက်သူရဲ့ စာရင်းထဲ ရောက်သွားပါတယ်။ ပြောမိထားရင် တောင်းပန်လိုက်ပါ။ သေသွားပြီ ဆိုရင်တော့ သူ့အတွက် လွတ်ငြိမ်းချမ်း သာခွင့်ရဖို့ ဒိုအာဆုတောင်းပေးပါ။ 


၃။ အကျိုးမရှိ ငြင်းတာ။

ငြင်းကြတာက

၁။ ကိုယ်တော်ကြောင်း၊ တတ်ကြောင်းကြွားချင်လို့၊

၂။ ရှေ့ကလူကို ပါးစပ်ပိတ်အောင်လုပ်ဖို့ ဖြစ်တယ်။

တစ်ယောက်ယောက်က သာသနာနဲ့ပတ်သက်ပြီး အမှားတစ်ခုခု ပြော နေပြီး ကိုယ်က အမှန်ကိုပြောပြလို့ အကျိုးရှိမယ်ဆိုရင်တော့ အမှန်က ဘာလဲဆိုတာ အေးအေးဆေးဆေး ပြောပြရမယ်။ မာနနဲ့ ကြမ်းကြမ်း တမ်းတမ်း မပြောရဘူး။ 

၄။ နောက်ပြောင်တာ၊ စတာ။

ရီစရာစကားတွေ အများကြီးပြောတာကြောင့် နှလုံးသား အတွင်းမှာ 

(နူရ်)လင်းရောင်ခြည် ပျောက်သွားတယ်။ 

နောက်ပြီး စတယ်ဆိုတာ ကိုယ်က စနောက်လိုက်လို့ စနောက်ခံရသူ ပျော်သွားရမှ စနောက်တယ်လို့ခေါ်တယ်။ ကိုယ်က စနောက် လိုက်လို့ စခံရသူ စိတ်ညစ်သွားတယ်ဆိုရင် အဲဒါ စနောက်တာမဟုတ် တော့ဘဲ ဒုက္ခပေးတာဖြစ် သွားပါပြီ။ ပမာအားဖြင့် သူများပစ္စည်းတစ်ခုခု ကိုဖွက်ထားတာ။ မခံနိုင်အောင်၊ မခံချင်အောင်စတာ။ ဒေါသထွက် အောင်စနောက်တာ။ 

စတယ်ဆိုတဲ့နေရာမှာ လိမ်ပြီး မစရဘူး။ မလိမ်ဘဲ သူများ ပျော်အောင် စနောက်လို့ ရတာတွေရှိတယ်။ 

ဥပမာ အဖွားအိုတစ်ယောက်က သူဂျန္နသ်ဝင်ရဖို့ တမန်တော့်ကို ဆု တောင်းပေးပါပြောတဲ့အခါ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (အဖွားကြီးတွေ ဂျန္နသ်ကို မဝင်ရဘူး)လို့ ပထမပြောလိုက်တယ်။ နောက်မှ (ဂျန္နသ်)ထဲကို အသက်ကြီးတဲ့ အရွယ်နဲ့ ဝင်ရမှာမဟုတ်ဘဲ အရွယ်ငယ်ငယ်ဘဝနဲ့ ဝင်ရမယ့်အကြောင်း ပြောပြ လိုက်လို့ အဖွားအို ပျော်သွားတယ်။ ဒီလိုပဲ နောက်တစ်ယောက်ကို (မင်းမျက်စိ ထဲ အဖြူတွေပါလား)လို့ ပြောလိုက်တယ်။ အစခံရတဲ့သူက ပထမနည်းနည်းလန့် သွားတယ်။ ဒီတော့ တမန်တော်မြတ်(ဆွလ္လာဟုအလိုင်ဟိဝစလ္လမ်)က (လူတိုင်းမျက်စိမှာ အဖြူရောင်ရှိ တယ်လေ)လို့ ပြောလိုက်လို့ စခံရတဲ့သူ တော်တော်ပျော်သွားတယ်။ 

ဒါပေမယ့် အမြဲတမ်းလုပ်ဖို့ မသင့်တော်ပါဘူး။

၅။ မြှောက်ပင့်ပြောတာ။

လူတစ်ယောက်မှာ တစ်ကယ်မရှိတဲ့အရည်အချင်းတွေကို ရှိပါတယ်ဆို ပြီး မြှောက်ပင့်ပြောတာက ကြီးလေးတဲ့အပြစ်ပါ။ အနိုင် ကျင့်နှိပ်စက်တတ်သူမျိုးကို ချီးကျူးတဲ့သူကတော့ လူယုတ်မာပါပဲ။ ဆင်းရဲသားတွေ တွေ့ရင်တော့ ဂရုမစိုက် ဘဲ ချမ်းသာတဲ့သူတွေကိုတွေ့မှ စလာမ်ပေးပြီး ဟာဂျီဆပ်ဟာဂျီဆပ် လုပ်ပြီး မ နေတာမျိုးကတော့ (နိဖားက်) လို့ခေါ်တဲ့ ဟန်ဆောင်အရေခြုံတာပါ။ 

ကိုးကား

အစ္စလာမ်နှင့်သူတော်ကောင်းကျင့်စဉ်စာအုပ်

(မွဖ်သီနူးရ်မိုဟမ္မဒ်)


Comments

Popular posts from this blog

စာအုပ်များနဲ့ စကားပြောခြင်း-၁-

စာအုပ်များနဲ့စကားပြောခြင်း ၁။ အစားများများစားခြင်း